လာရောက်လည်ပတ်ကြတဲ့ စာဖတ်ပရိတ်သတ်များ အားလုံးမင်္ဂလာပါခင်ဗျား ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒတွေတစ်လုံးတစ်ဝကြီး ပြည့်ဝကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

Thursday, 29 May 2014

မာယာတောမှာမျှောတဲ့သူ

ကျွန်မအရမ်းအံသြသွားသည်။ကိုယ်ကို ချစ်ပါသည်။ လက်ထပ်ပါမည်။ဟုပြောခဲ့ဖူးသော မောင်၏စကားသံများက ခုတော့ လေအဝေ့မှာပါသွားတဲ့ ဖုန်မှုံတွေအတိုင်းဖြစ်နေပြီ။
အမှန်ဆိုကျွန်မကိုက မိုက်လုံးကြီးခဲ့တာပါ။ ကိုကိုချစ်ရှာတယ်ဆိုပြီး သူတောင်းဆိုတိုင်းလိုက်လျောပေး ဆပ်ခဲ့သည့်အရာများသည် ယခုအခါမိသားစုဂုဏ်သိက္ခာကိုကျဆင်းစေမည့် မောင်၏ ထိန်းချုပ်လက်နက်များဖြစ် နေသည်။ 

ယုံမှတ်ပြီး ပုံအပ်မိသည့်အချိန်များကိုပြန်တွေးကြည့်ပြီး ကျွန်မရူးမတတ်ဖြစ်နေရပြီ။
အချစ်ကိုဗန်းပြပြီးကျွန်မဘ၀ကို သွန်ချင်သလိုသွန် မှောက်ချင်သလိုမှောက်လုပ်သွားသည့် မောင် က ခုကျွန်မရှေ့မှာ။အရမ်းချစ်သည် လက်ထပ်ပါမည်ဟုတသွင်သွင်ပြောပြီး အမှန်တကယ်လက်ထပ်သင့်သည့် အချိန်တွင် မိဘကျေးဇူးကိုမကန်းချင်ပါဟုရိုးရှင်းသောအကြောင်းပြချက်တစ်ခုဖြင့် လမ်းခွဲသွားမည့် ချစ်သူမက သော ချစ်သူ။

ပြန်စဉ်းစားလိုက်တိုင်း ဒီနေရာကနေ အငွေ့ပျံသွားချင်သည်။ မိန်းမတစ်ယောက်၏ အနှစ်နှစ်အလလ စောင့်ထိန်းလာသော သစ္စာ မေတ္တာ တန်ဖိုးများကို သူချနှင်းသွားပြီ။ သူ့မိဘတွေစိတ်မဆင်းရဲစေရန် သူတစ်ပါးမိဘများအား ငိုကျွေးနေခြင်းကို ဥပက္ခာပြုနိုင်သော စိတ်ဓါတ်မောင့်မှာရှိမှန်းကျွန်မခုမှသိခွင့်ရသည်။် သူ့အတ္တမှလွဲပြီး အခြားအရာများကို ဂရုမစိုက်တတ်သော ယောက်ျားနှင့် ကျွန်မရင်ဆိုင်တွေနေရပြီ။

မိဘနှစ်ပါး၏ သမီးကိုချစ်သည့်စိတ်ကြောင့် တစ်ချို့သောအရာများကိုလိုက်လျောခြင်းက ကျွန်မတို့ မိသားစုကို အကြီးအကျယ်အရှက်ရစေတော့မည်။ အသဲကိုရက်စက်စွာ ခွဲသွားလျှင်တောင် လည်းကျွန်မခံနိုင်သည်။ အိမ်အထိဝင်ထွက်ခွင့်ပြုခဲ့သည့် ကျွန်မမိဘနှစ်ပါး၏ မေတ္ထာနှင့်စေတနာအား မောင့်ကို အနည်းငယ် အသိမှတ်ပြုစေချင်သည်။ ခုတော့ အရာအားလုံးကို ခ၀ါချပြီး သူဘ၀တက်လမ်းနှင့် သူမိသားစုစိတ်ချမ်းသာရေး အတွက် ကျွန်မဘ၀နှင့် ကျွန်မမိသားစု၏ အရှက်တရားကို ယောက်ျားမဆန်စွာတက်နင်းသွားတော့မည်။

သွေးသားကိုလိုချင်တပ်မက်ချိန်တုန်းက “ချစ်လိုက်တာဗျာ”ဆိုသည့်စကားကို အခွန်းတရာမက ပြောသော်လည်း ခုလိုလက်ထပ်ရန် အချိန်သင့်သောအခါတွင်မူ “ခင်ဗျားကိုကျွန်တော်ချစ်ခဲ့မိသလား ဒါမှမဟုတ် အထိတွေ့မှာသာယာခဲ့တာလား သေချာဆန်းစစ်ကြည့်မိတယ်တဲ့” ယောက်ျားတစ်ယောက်၏ အချစ်သည်ထိုသို့ ပြောင်းလဲတတ်မှန်း ကျွန်မသိလိုက်သောအချိန်တွင် များစွာနောက်ကျ ခြင်းကကျွန် မအတွက်ဖြစ်နေပြီ။

မောင်၏ချစ်ပါတယ်။ ကြိုက်ပါတယ။် မြတ်နိုးပါတယ်ဆို သည့်စကားတွေကို ယုံကြည်ပြီး ပုံအပ်ရသည့် အချိန်တွေကကျွန်မဘ၀အတွက်ပြင်ဆင်မရနိုင်သည့် အမဲစက်ဖြစ်နေသည်။ အချစ်ဆိုသည့် စကားနှစ်လုံးမောင်နုတ်ဖျားမှထွက်ပေါ်လာစဉ်က ကျွန်မမောင့်အတွက် အရာအားလုံးကိုအဆင်သင့်ဖြစ်နေ ပေးခဲ့သည်။ ထိုသို့လိုက်လျောပေးခဲ့ခြင်းကြောင့် မောင်သည် ကျွန်မ၏အချစ်နှင့် မြတ်နိုးတွယ်တာတတ်သည့် မိန်းမမာနကိုစော်ကားလေပြီ။

ကျွန်မတို့နှစ်ယောက်တွေ့ဆုံပုံကလည်း ဘာမှသိပ်မထူးခြားခဲ့။ ကုမ္မတစ်ခု၏ ရာထူးတူရုံးဝန်ထမ်း အချင်းချင်း အနေနီးသဖြင့်နီးစပ်သွားကြသည်။ ကျွန်မသည်လည်း အချစ်အနည်းငယ်မျှသူပေါ် ရှိနေသဖြင့် မငြင်းဘဲသူအချစ်ကိုလက်ခံလိုက်သည်။ ရာထူးတူ ရုံးတူ အလုပ်တူဖြစ်နေသဖြင့်အတွဲကလည်းများလာသည်။ နောက်ဆုံးတွင် ဖေဖေက “သမီးသမီးကောင်လေးတစ်ယောက်နဲ့တွဲနေတယ်ဆို” ဖေဖေသည်ကျွန်မကိုမေးသော် လည်းစိတ်ဆိုးသည်အရိပ်ယောင်နှင့်သမီးအား အထင်သေးသည့်စကားတစ်လုံးမှမပါ။

“ဟုတ်ဖေဖေ ကုမ္မဏီတူ တူရာထူးတူတူပါဘဲ” ကျွန်မမျက်လွာကိုအောက်ချပြောလိုက်လျှင် ဖေဖေက “အင်းသမီးအိမ်ကိုဝင်ထွက်ပါစေ။ ဖေ ဖေကတော့ လူကြီးဆိုတော့ ဘာမှပြောတော့ဘူး သမီးဆုံးဖြတ်ပေါ့။ အပြင်မှာတွေ့နေ တာထက်စာရင် ဖေဖေ အိမ်က ပိုစိတ်ချရတာပေါ့”။

ထိုနောက်ပိုင်းတွင် ကျွန်မအိမ်သည် မောင်အတွက်စားအိမ်သောက်အိမ်ဖြစ်လာသည်။ မေမေ၏ သားအ ရင်းနှင့်မခြား ကျွေးမွေးပြုစုသောမေတ္တာသည် ဖြူစင်လွန်းလှသည်။ မောင်သည် အနေအေးပြီး စိတ်သဘေားထားနူညံသလို တစ်ခါတရံတွင် တဇွတ်ထိုးခေါင်းမာတတ်ပြန်သည်။ ကျွန်မတို့ချစ်သူသက်တမ်း တစ်လျှောက်လုံးတွင် မောင်၏မိဘများမသိခြင်းမှ လွဲပြီး အရာအားလုံးသာယာပျော်ရွင်ရသည်။

ရည်းစာသက်တမ်းက တဖြေးဖြေးဖြင့်တစ်နှစ်ကျော်လာသည်။ မောင်ကျွန်မအိမ်သို့ လွတ်လပ်စွာဝင် ထွက် နေသည်မှာလည်း ခြောက်လ၀န်းကျင်ဖြစ်နေပြီ။ ဘေးပတ်ဝန်းကျင်မှ မိတ်ဆွေများနှင့် ကုမ္မဏီမှ အသိများက လည်း တစ်နေ့နေ့တွင် မောင်နှင့် ကျွန်မတို့ယူကြလိမ့်မည်ဟုသာထင်နေကြသည်။ မည်သို့သောယောက်ျားသည် အိမ်ထောင်ပြုမည်ဟု ရည်ရွယ်ဆုံးဖြတ်ထားခြင်းမရှိဘဲနှင့် သမီးရှင်အိမ်သို့ဝင်ထွက်မည်နည်း။

မည်သူကိုမှ မျက်နာသာမပေးတတ်သော ကံကြမ္မာကကျွန်မကို နူးညံစွာကျည်စယ်လေသည်။ အချစ်ကိုယုံစားကိုကွယ်ပြီး သိက္ခာကိုပေါ့ပေါ့ထားမိခြင်းကြောင့် ထိုသိက္ခာတရားက ကျွန်မအားနောင်တရာများဖြင့်ရှင်သန်စေတော့မည်။ အချစ်ကို ချစ်ဖို့သက်သက်သဘောမထားဘဲ ဘ၀နှင့်တွဲပြီးရိုးရှင်းစွာ တွေးမိသော ကျွန်မ၏အတွေးများသည် ထိုယောက်ျားနှင့်ပတ်သက်ပြီး အကြီးအကျယ် မှားယွင်းသွားသည်။

နွေနေ့တစ်နေတွင် မောင်သည်ကျွန်မကို တိုးတိတ်စွာပြောစရာရှိသည်ဟုဆိုပြီး အေးဆေးတိတ်ဆိတ်သော နေရာ တစ်ခုတွင် တွေ့ဆုံကြသည်။ ထိုနေ့သည်ကျွန်မအတွက် ငရဲတမျှသော ပူလောင်သော စကာလုံးများကို ကျွန်မမောင်ထံမှကြားသိခွင့်ရသည်။
“ မောင်အပွင့်လင်းဆုံးပြောမယ်။ မောင် မင်းကိုလက်မထပ်နိုင်ဘူး။ ဘာကြောင့်လည်း ဆိုရင် မောင့် အိမ်ကသဘောမတူလိုဘဲ။ 

ကြိုက်သလိုထင်နိုင်တယ်။ ကြိုက်သလိုမြင်နိုင်တယ်။ မောင် ကိုအတ္တကြီးတယ်ဆိုရင်လည်း မောင်ခံနိုင်တယ်။ အဓိကက မောင်မိသားစုစိတ်ချမ်းသာဖို့ဘဲ”။ မောင့် စကားသံကိုကြားရသော ကျွန်မ၏နားအစုံကိုပင်မယုံကြည်နိုင်။ ယခင်က မောင် အမြဲ မင်းဘက်ကရှိနေမှာပါ ဟုပြောခဲ့ဖူးသော သူမှဟုတ်ပါလေစ။

"လမ်းခွဲကြရအောင် လို့မပြောပါနဲ့မောင်။ အဲစကာလုံးအစား လက်ထပ်ကြရအောင်လိုပြောပေးပါ။ ကျွန်မမောင့်ကိုချစ်ခဲ့တာ တစ်သက်တာလုံးအတွက်ပါ။ မောင်ဘက်က အဆင်သင့်မဖြစ်သေးရင် ဖြစ်နိုင်လောက်တဲ့ အတိုင်းတာထိ ကျွန်မစောင့်ပေးနိုင်တယ်။ ကျေဇူးပြုပြီး လမ်းခွဲကြရအောင်လို့မပြောပါနဲ့။ 

ကျွန်မတို့ချစ်လို့ပေးဆပ်သတ်မှတ်ခဲ့တဲ့မှတ်တိုင်က လမ်းခွဲခြင်းမှမဟုတ်တာ။ မောင့်မိဘတွေအတွက် ပေးဆပ်ပြီး သားလိမ္မာဖြစ်ချင်တယ်ဆိုလည်း လမ်းခွဲပြီးမှတော့ ကျေးဇူးမဆပ်လိုက်ပါနဲ့မောင်ရယ်။ ကျွန်မတို့ မိသားစုဘ၀တွေ မျက်ရည်တွေကလဲ တစ်ချက်လောက်ငဲ့ကြည့်ပါဦး” 
ကျွန်မမောင့်ပုခုံးနှစ်ဖက်ကို ကိုင်လုပ်ပြီးအားမလိုစွာ ပြောမိသည်။ ကျွန်မမည်သို့ပင်ပြောနေစေကာမူ မောင်သည် သူမိဘဘက်သို့ကြည့်ရန်သာဆုံးဖြတ်ပြီးဖြစ်နေပြီ်။ 

မောင်အတ္တနည်းနည်းကြီးရင်ကြီးမယ် ဒါပေမဲ့ မိဘ မကြည်ဖြူတဲ့သားအဖြစ်တော့ မရပ်တည်ချင်ဘူးဒါကြောင့်လမ်းခွဲတာဘဲကောင်းပါတယ်”။ “ထပ်စဉ်း စားပေးပါဦးလားမောင်။ ကျွန်မကိုမဟုတ်ရင်တောင် မောင်ကိုသားတစ်ယောက်လို့ ချစ်ခင်ပေးခဲ့ကြတဲ့ ကျွန်မမိ ဘတွေရဲ့ သိက္ခာတရားလေးကို တစ်ချက်လောက်ငဲ့ပေးပါ” ကျွန်မမည်သို့ပင်ဖြစ်နေပြောနေစေကာမူ မောင်သည် သူမိသားစုစိတ်ချမ်းသာဖို့အတွက် သူပြုလုပ်မည့်အစီစဉ်များကို အတ္တကြီးကြီးဆက်ပြောသည်။

“ဒီနေ့ကစပြီး မောင်တို့ဇတ်လမ်းပြီးပြီ။ အိမ်ဝင်အိမ်ထွက်လည်းမရှိတော့သလို မောင့်ဘ၀ထဲမှာလည်း မင်းရှိတော့မှာမဟုတ်ဘူး” ကျွန်မအသားတွေတစ်စပ်စပ်တုန်လာသည်။ စော်ကားရက်လေခြင်း။ ကျွန်မတစ် ယောက်ထဲနှင့်သီးခြားသိုသိပ်စွာ ပတ်သက်ခြင်းကြောင့် လမ်းခွဲသွားလျှင်ပင် ကျွန်မကို မချစ်ဟုယူဆပြီးကျွန်မ ခွင့်လွတ်ပေးနိုင်ကောင်း ခွင့်လွတ်ပေးနိုင်လောက်မည်။ 

ယခုတော့ထိုသို့မဟုတ်။ ရသမျှကို ကိုယ်ကျိုးအတွက် ထဲထဲဝင်ဝင်အသုံးချပြီ အမှန်တကယ် ဘ၀တစ်ခုအား ကြိုးစားတည်ဆောက်ကြရမည့် အချိန်မှ ငြင်းဆန်ရက်သော မောင့်စိတ်ထားကြောင့် မိဘဆွေမျိုးအသိုင်းဝိုင်းတစ်ခုလုံး ရေအစုံမျောပြီး။ ယောက်ျားတစ်ယောက်၏ ရဲရင့်တဲ့ ယောက်ျားဆန်မူတွေ ပျောက်ဆုံးနေတဲ့အခါ အရာအားလုံးပေါ် ယုံကြည်မူပေးခဲ့တဲ့ ကျွန်မရင်ခွင်ကိုဘဲ ကျွန်မမုန်းမိတော့သည်။

ဖြန်း
ဖြန်း

အသားနှင့်လက်ထိသွားသည့်အသံက ကျယ်လောင်စွာထွက်လာသည်။ ဘေးပတ်ဝန်းကျင်မှလူများက လည်းကျွန်မတို့အတွဲဆီကို မသိမသာအကဲခတ်နေကြသည်။ ပထမတစ်ချက်က ကျွန်မမိဘကိုစော်ကားပြီ ကိုယ်ချင်း မစာမနာပြောထွက်တဲ့အတွက်၊ နောက်တစ်ချက်က ကျွန်မဘ၀ကို လက်ထပ်ဖို့မရည်ရွယ်ဘဲအချစ်ကို ပိုင်စိုးပိုင်နင်းစော် ကားခဲ့တဲ့အတွက်။

လှည့်ထွက်သွားသောပါးကို သူပြန်ထိန်းပြီး “တော်ပြီလား ဒါဆိုမင်းနဲ့ကိုပြတ်ပြီးနော်။ ကိုမိဘတွေ စိတ် ချမ်းသာမယ်ဆိုရင် ဘယ်ပတ်ဝန်းကျင် အသိုင်းဝိုင်းက ဘယ်လိုမျက်လုံးမျိုးနဲ့ပဲကြည့်ကြည့် ကိုခံနိုင်တယ်” ထိုစ ကားများပြောပြီး ကျွန်မရှေ့မှ ထာဝရ ပျောက်ကွယ်သွားရန် မောင့်ခြေလှမ်းများက ကျွန်မရင်ခွင်နှင့်ဝေးရာသို့ တရွေ့ရွေသွားနေသည်။

ဘယ်အတွက်ကြောင့်မိမိပေါ်မကြင်နာ မမြတ်နိုးသည့်ရင်ခွင်တစ်ခု၏မာယာတောမှာမျှောနေမည်နည်း။ နောက်ဆုံးအနေဖြင့် ကျွန်မ၏ ရင်နာခြင်းများနှင့် ကျေကွဲမူများအတွက် လက်ဝါးနှစ်ဖက်အား အကျိုးရှိစွာအသုံးချလိုက်နိုင်မူကို တွေးပြီနာကျဉ်စွာရယ်မိသည်။ ထိုသို့ဖြင့် ယောက်ျားတစ်ယောက် ကိုယ်တိုင်စိုက်ပျိုးခဲ့သောအပင်၏အသီးအပွင့်ကို ရိတ်သိမ်းခြင်းမပြုနိုင်သောမာယာအချစ်ဆူးများအား ကျွန်မနှလုံး သားမှ အပြီးပိုင်စွဲနုတ်လိုက်သည်။

ရင်နာစွာငိုကျွေးကြရမည့် ကျွန်မမိဘနှစ်ပါး၏ သိက္ခာအတွက် စိတ်အစုံအား ခံနိုင်ရည်အားရှိစေရန် အဓမ္မတရားများနှင့်ကင်းကွာသော ဗုဒ္ဓ၏ အဆုံးအမများထံသို့ သွားတော့မည်ဟု ဆုံးဖြတ်လိုက်သောအချိန်မှ

“ယုံလွယ်အောင်ပြုစားတတ်တယ် တကယ်ကိုမင်းအစွမ်းတွေပါဘဲ ပျော်ရွင်တက်မက်ခဲ့မိတော့လေ ငါဟာအရူးလို ရင်နာအောင်လှည့်စားသွားတဲ့ မင်းရဲ့အချစ်တွေကိုလည်း ငါအရမ်းကြောက်လိုသွားခဲ့ပြီ

ပန်းခြံဘေး အကင်ဆိုင်မှဖွင့်လိုက်သည့် ချမ်းချမ်း၏ တကယ်လည်ဘဲမချစ်ဘဲနဲ့သီချင်းသံကြားလိုက်ရသည်နှင့် အချစ်တစ်ခုအားကိုကွယ် တတ်ခဲ့မိသော နှလုံးသားမှနာကျင်မူကြောင့် မျက်ဝန်းအစုံရှိ မျက်ရည်များက သိက္ခာမရှိစွာ ဖြိုက်ခနဲ။

ဇော်ညီညီ(နေပြည်တော်)

No comments:

Post a Comment