“ ကျွတ်ကျွတ်” ခါးနှစ်ဖက်ကိုဆန့်လိုက်ပြီး နဖူးမှကျနေသည့် ချွေးတစ်ချို့ကိုသုတ်လိုက်သ
ည်။ မင်းတို့စံပျော် နေပြည်တော်ဆိုသည့်အတိုင်း နေမင်း၏အရှိန်အ၀ါနှင့် အရာအားလုံးက အညီးတောက်ပနေသည်။ ညနေလေးနာရီထိုးသည့် အချိန်တွင်ပင် နေမင်း၏မျက်နာတော်က အရောင်တော်မညိုးသေး။ အနံ့ပေါင်းစုံအပြင် အသံပေါင်းစုံကဆူညံလာ သည်။ဆီကြော်မုန့်မျိုးစုံနှင့်အခြားသောဆိုင်များမှ ဈေးဝယ်များကိုအော်ခေါ်နေသံကိုကျွန်မဥပက္ခာပြုထားလိုက် သည်။
ကျွန်မ၏အလုပ်ကတစ်ခုထဲရှိသည်။ဒါကတော့ ဆုတောင်းဖို့။ လူများများဈေးသို့လာရန်ဆုတောင်းဖို့ ဒါမှလဲ ကျွန်မအတွက် တွက်ခြေကိုက်မည်။
နေပူပူမိုးရွာရွာ ကျွန်မအတွက်နေရာလေးတစ်နေရာရှိလျှင်လုံလောက်ပြီ။ ပျိုပျိုအိုအိုလူရွယ်စုံတို့အပြင် ၀န်ထမ်း မြို့ဖြစ်သဖြင့် တက်သစ်စလူငယ်လေးများ၏စေတနာသဒ္ဒါတရားသည်ကျွန်မနှင့် လေဖျန်းနေသော အဖိုးကြီးအ တွက်ထမင်းစာရိတ်ပင်ဖြစ်သည်။
ညနေ လေးနာရီခန့်မှ ညကိုးနာရီလောက်ထိ ဒီနေရာလေးမှာထိုင်နေလျှင် အနည်းဆုံး သုံးထောင်ခန့်ရတတ်သည်။ အပြန်တွင် အဖိုးကြီးအတွက်ထမင်းတစ်ထုတ်နှင့်ဟင်းကောင်းကောင်း တစ်ထုတ်ဝယ်သွားနိုင်လျှင် ကျွန်မပျော်ရွင်မိသည်။ ရုံးပိတ်ရက်များတွင် ငွေပိုမိုရတတ်သည်။ ထိုအပြင်လစာ ထုတ်ရက်နှင့်တိုက်သော စနေတနင်္ဂနွေများတွင်မူ ကျွန်မငါးထောင်နီးပါရသည်။ ကျွန်မ၏စာကျက်မြေက မြို့မဈေးတည်း။
တစ်ခါတရံ စည်ပင်ဝန်ထမ်းများမှ အဘွားခဏရှောင်နေဆိုလျှင် ကျွန်မအလိုက်သိရမည်။ စစ်ဆေးရေးရှိသော နေများမှလွဲပြီးကျန်သောရက်များတွင် စည်ပင်ကောင်လေးများကစေတနာထားတတ်သည်။ကျွန်မအသက်ခုဆို လျှင် ငါးဆယ်ရှစ်ကျော်နေပြီ။ အဖိုးကြီးကကျွန်မထက်သုံးနှစ်ကြီးသည်။
အဖိုးကြီးငယ်ရွယ်သန်မာစဉ်က စားရေးသောက်ရေးဘာမှ ပူပင်စရာမရှိခဲ့သော်လည်း သူ မကျန်းမာသည့်အချိန်တွင် ငွေများက ကျရေအလားတဖွားဖွားထွက် သွားသည်။ အသက်ရွယ်ကြီးရင့်သည့်အချိန်မှ စုဆောင်းထားသောငွေကြေးကအဖတ်မတင်သောအခါ ကျွန်မတို့ လင်မယား၏ စားဝတ်နေရေးကပိုမိုခက်ခဲလာသည်။
တစ်ရက်တွင်ကျွန်မတို့လင်မယားနှစ်ယောက်တိုင်ပင်ကြသည်။
စာဝတ်နေရေးအတွက်အဆင်ပြေစွာဆောင်ရွက် နိုင်မည့်နည်းလမ်းက ကျွန်မတိုအတွက်များစွာစိတ်ပင်ပန်းစေသည်။ နောက်ဆုံးကျွန်မစိတ်ကိုအစွန်းဆုံးထိ ဆုံးဖြတ်လိုက်သည်။ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ သမာအာဇီဝကျလျှင် ကျွန်မလုပ်ရမည်။ ကျန်းမာသန်စွမ်း စဉ်က ကျွန်မကို နေတစ်ပြောက်မထိုး မိုးတစ်စက်မစိုအောင် စောင့်ရှောက်ခဲ့သော ကျွန်မချစ်လင်အိမ်ဦးနတ်ကြီး အတွက် ကျွန်မတာဝန်ကျေချင်သည်။
သားဆိုးသမီးဆိုးများကလဲ ဇရာအိုပင်အိုထက်တွင် နားခိုဆင်းသက်ခြင်းမပြုလိုကြ။ ပင်အိုနှင့်တူသောမိဘနှစ်ပါး ၏အိမ်ကို စီပွားတိုးတက်အောင်လုပ်မည်ဆိုပြီး အမွေခွဲလိုက်ကြသည်။ မသေချင်အမွှေတွေခွဲယူပြီးကျွန်မတို့ လင် မယားနှစ်ယောက်ပေါ် သာယာကြည်ဖြူခြင်းမရှိသောထမင်းတစ်လုတ်ကိုကျွန်မတို့မမျိုလို။ ထိုကြောင့် ယခုလိုအကြောင်းတရားများက တရားဝင်ပေါ်ပေါက်လာသည်။ အမြင်တွင်သိမ်ငယ်ကောင်းသိမ်ငယ်လိမ့်မည်။ သို့သော်ကျွန်မလိပ်ပြာသန့်သည်။ သူတစ်ပါးမသထာရေစာမဟုတ်သော ဂရုဏာကျေးကို ယဉ်ကျေးစွာတောင်းခံ သော ကျွန်မသည်သူဖုန်းစားအိုမကြီးတစ်ယောက်။
အမှန်တော့မည်သည့်ကိစ္စမဆိုလက်တွေ့တကျလုပ်ဆောင်လျှင်မလွယ်ကူလှပေ။ ကျွန်မမြို့မဈေးတွင် ပျမ်းမျှ တစ်ရက်လျှင် အလှုခံရငွေ သုံးထောင်ကျော်ခန့်ရသည်။ ထိုသုံးထောင်ကိုခွဲခြမ်းစိတ်ဖြာလိုက်လျှင် ကျွန်မအိမ်သို့တစ်ထောင် ကျော်ခန့်ပါသည်။ ထိုတစ်ထောင်တွင် ငါးရာကအဖိုးကြီးအတွက်လိမ်းဆေးသို့မဟုတ်အကိုက်ခဲပျောက်ဆေး တစ်မျိုးမျိုးဝယ်ရေသေးသည်။ ကျန်သည့်ငါးရာက နောက်ရက်အတွက်ထမင်းစားရိတ်ပင်ဖြစ်သည်။ ကျွန်မဒီမြို့ မဈေးမှာတောင်ရမ်းဖို့ နေရာတစ်ခုအတွက် ကျွန်မတိုအလှူခံသူများ၏ခေါင်းဆောင်ဖြစ်သူကိုငါးရာပေးရသည်။
ထိုသို့မပေးလျှင် အမြင်သိပ်မကြည်လင်တတ်ဘဲ လူကြီးလာစဉ်အဖမ်းခံရတတ်သေးသည်။ထိုကြောင့် သူအတွက်ကငါးရာ၊ အပြန်ဆိုက်ကားသမားအတွက်ကငါးရာ၊ စုစုပေါင်းတစ်ထောင်အလကားကုန်သည်။အလှူ ငွေများများရသောအချိန်တွင် အကြောင်းမဟုတ်လှသော်လည် နေပြည်တော်၏ မိုးတွင်းတွင်မူများစွာစိတ်ပူရသည်။ ဈေရောင်းဈေးဝယ်ပါးသည်အပြင် မိုးရွာလျှင် စိုစိုစိစိဖြင့် ကျန်းမာရေးကသိပ်မကောင်းချင်။တစ်ခါတရံတွင် လူငယ် လေးများက ငါးရာတစ်ထောင်သီးသန့်ထည့်တတ်သည်။
ထိုသို့သူတို့၏ပိုတ်ဆံအိတ်ဖောင်းဖောင်းလေးဖြင့် ကျွန်မရှေ့သို့ ရောက်လာလျှင်ပထမဆုံးမြင်ယောင်မိသည်က ကျွန်မ၏အိမ်ဦးသခင်ကြီးအတွက် ကြေးအိုးဆို သည့်ဈေးထဲမှာ ကလေးငယ်လေးများအော်မှာနေသည့်အစားစာကိုဝယ်ကျွေးရန်ပင်ဖြစ်သည်။
အဖိုးကြီးက ဈေးထဲသို့ မရောက်ဖြစ်သည်မှာသုံးနှစ်ကျော်သည်။ ကျွန်မအလှူခံပြန်သည့်အချိန် ညပိုင်းတွင် ကျွန်မပြောပြောနေသည့် ကြေးအိုးဆိုသည့်မုန့်တစ်မျိုးကိုသူကိုမိန်ရည်ရှက်ရေ ပြောပြဖြစ်သည်။
“ အဖေကြီးသိလားခု ကျုပ်တို့ဈေးထဲကကလေးတွေ အော်အော်စားနေတဲ့ ကြေးအိုးဆိုလာဘာဆိုလားတော်၊ အဲအစားစာ ခေတ်စားနေတယ်တော့။သူက ခွက်ကြီးကလဲအကြီးကြီး ပြီးတော့ မုန့်ပေါ်မှာလဲ အသားဖတ်တွေ များကြီး၊ တစ်ခါကများတော် အဲ့ကြေးအိုးဆိုတာကြီးကို ကလေးမအေတစ်ယောက်မှာစားပြီးသူသားကို တူနဲ့ခွံ့နေတာ ခေါက်ဆွဲဖတ်တွေများဖြူဖွေးပြီး ငုံးဥလေးတွေတောင်ပါသေးတယ်။ ကျုပ်အလုပ်ကောင်းတဲ့တစ်ရက် တော်ဖို့ ၀ယ်ခဲ့မယ်တော့်။
ဈေးကလဲများသလားမမေးနဲ့ တစ်ပွဲကိုထောင့်ငါးရာတော် တော်နဲ့ကျုပ်ဆို ထမင်းမ နက်စာနှစ်ရက်စားလို့ရတယ်”။
ကျွန်မ၏ကြေးအိုးဋီကာကို အဖိုးကြီးကသေချာနားထောင်နေသည်။ ထို့အပြင်သူမျက်ဝန်းထဲမှာလဲ ဟိုတစ်ချိန်က ကျွန်မနှင့်အတူတူစားခဲ့ဖူးသောအစားသောက်များကိုပြန်မြင်နေပုံရသည်။ ကျွန်မကိုကြည့်နေ လျှက်ဖြင့် တံတွေးတစ်ချက်ကိုမျိုချလိုက်တာကျွန်မမြင်လိုက်သည်။ သြော်ကျွန်မဒုက္ခပေးမိပြန်ပြီး။ဒီကြေးအိုးဆိုတာကြီးကို တစ်ရက်တော့ဝယ်ကျွေးနိုင်အောင်ကြိုးစားဦးမည်။
တစ်ရက်မှာ ပိုက်ဆံအိတ်ဖောင်းဖောင်းရှည်ရှည်လေး ကိုကိုင်ထားသည့် လူငယ်ကောင်းလေးတစ်ယောက်ကျွန်မနားကိုကပ်လာသည်။ ကျွန်မရင်တွေခုန်လာသည်။
ထိုကောင်လေး ကျွန်မကိုအလှုငွေထည့်မလို့များလားမသိ။ ကျွန်မအတွေးတွေ မှန်သွားသည်။ကောင်လေးက ကျွန်မရှေ့တွင် ရပ်ပြီးပိုက်ဆံအိတ်ကိုဖွင့်သည်။ ပြီးတော့ကျွန်မဘေးတွင်လာရပ်သည်။ ညနေစောင်းအနည်းငယ်မှောင်နေသ ဖြင့် ကောင်လေးမျက်နာကိုကောင်းစွာမမြင်ရသော်လည်း အနည်းငယ်ရည်မွန်ပြေပြစ်သောရုပ်ရည်ကိုပိုင်ဆိုင်ထားသည်က တော့သေချာသည်။
“ အဘွားသားနည်းနည်းလောက်မေးလို့ရမလား” ကောင်လေးစကားကြောင့်ကျွန်မအနည်းငယ်အံ့သြသွား သည်။ အဘယ်အကြောင်းများနည်း။ အိုးမင်းရွတ်တွနေသော ကျွန်မလိုအဘွားအိုကြီးတစ်ယောက်ထံတွင် ပြေပြစ်နုပျိုသော ကောင်လေးအတွက်ဘယ်အရာကများစိတ်ဝင်စားစရာကောင်းနေသနည်း။ ကျွန်မကောင် လေး ကောင်လေးမျက်နာကိုသေချာကြည့်ပြီး “ မေးလေသား”
ကျွန်မစကားဆုံးသည်နှင့်ကောင်လေးကမက်တပ်ရပ်နေရာမှာ ကျွန်မဘေးကိုကပ်ထိုင်လာသည်။ “ အဘွား တစ်ရက်ကို ဘယ်လောက်ရလဲဟင်” ကောင်လေး၏ စကားအဆုံးသတ်တွင် သုံးသွားသော “ ဟင်” ဆိုသည့် အသုံးနုန်းသည် ဂရုဏာလေးသံဖြစ်ကြောင်းကျွန်မသိသည်။ ထိုသိုအမေးခံလိုက်ရသောအချိန်တွင် မိဘအမွေ ကိုသာရယူပိုင်ဆိုင်ပြီး တာဝန်ယူမှုလုံးလုံးမရှိသောကျွန်မသားတွေကို သတိရလာသည်။ သြော်ငါ့သားလေးတွေ များဒီလိုပုံစံရည်မွန်လိမ္မာမယ်ဆိုရင်ဖြင့်ဆိုပြီး အတွေးတွေနယ်ချဲ့လာမိသည်။
“ အဘွားမဖြေချင်လို့လား။ မဖြေချင်ရင်လဲသားအတင်းမမေးပါဘူး။ ခုထမင်းကောစားပြီးပြီးလား” ကျွန်မ၏ တွေဝေငေးမောနေမှုကြောင့် ကောင်လေးစိတ်ခုသွားမည်ကိုစိတ်ပူသည်။ “အင်းထမင်းမစားရသေးဘူး။ အပြန် မင်း အဖိုးက အိမ်မှာစောင့်နေတာလေ။ သူနဲ့ ဒီကအပြန်ကိုးနာရီကျော်လောက်မှအဘွားရတဲ့ ငွေလေးနဲ့ တူတူစားရတာသား။ တစ်ရက်ကို အားလုံးအပြီးစီး အိမ်ကိုပါတာ တစ်ထောင်လောက်ပါတယ်။ ကျန်တာတွေ တော့ တော့ ဝေစားမျှစားပေါ့သားရယ်” ။
ကျွန်မစကားကိုကောင်လေးနားရှုပ်သွားပုံရသည်။ ကျွန်မလိုအိုကြီးအိုမ တောင်းရမ်းသောငွေကြေးကိုဝေစားမျှ စားပေးရသေးသည်ကိုသူသဘောပေါက်ပုံမပေါ်။
ဆိုက်ကားခ နေရာကြေးနှင့် အဖိုးကြီး၏ ဆေးဖိုးဝါးခ
ကျွန်မသေချာရှင်းပြပေးရသည်။ တစ်ခါတရံ မိုးရွာသောညများတွင် ဆိုက်ကားသမားက မူးနေပြီး မိုးစိုမှာဆိုး သဖြင့် ခုနှစ်ရာခန့်တောင်းတတ်သေးသည်။ “ အဘွားခုဘာစားချင်လဲ။ သားကျွေးမယ်။ အလှုငွေလဲထည့်မယ်။ ဒီနေ့တော့ အလှူငွေမခံနဲ့တော့” ကောင်လေးက ပြောလျှက်ဖြင့် ကျွန်မခွက်ထဲ အလှူခံရထားသည့် ငွေများကို ကျွန်မအိတ်သေးလေးထဲကိုထည့်ပြီးကျွန်မလက်ကိုတွဲသည်။ ကောင်လေးသည်
လက်စွပ်မောင်းကွင်းသေးသေးလေးကိုလက်ခလယ်တွင်ဝတ်ထားသည်။
သြော်ငွေဆိုတာကို မိန်းမသားတို့ သည်းချေကြိုက်ဖြစ်ပေမဲ့ ကံမသာခွင့်မသင့်ပေသော်လည်း ထိတွေ့ခွင့်ရသည့်အချိန်တွင် နားတွင်ဟောင်းလောင်း ဖြစ်နေသည့် အပေါက်လေးကို လောဘကြီးစွာသတိရမိပြန်သည်။
ကောင်လေးက ကျွန်မကိုဆိုင်တစ်ဆိုင်ကိုခေါ်ပြီးဘာစာချင်သလဲမေးသလိုသူလဲ ခေါက်ဆွဲတစ်ပွဲမှာသည်။ စားကောင်းသောက်ဖွယ်များစားသောအချိန်တွင် ကျွန်မ၏ရဲဘော်ရဲဘက် ဘ၀တိုက်ပွဲဖော် အဖိုးကြီးကိုတမ်းတ မိသည်။ အဖိုးကြီးဆိုလျှင် ဒီဆိုင်က ကြေးအိုးဆိုသည့် မုန့်ကိုသေချာပေါက်စားလိမ့်မည်။ “ သားရယ် အဘွား မစားတော့ပါဘူး။ သားအဖိုးနဲ့အတူတူစားနေကျဆိုတော့ တစ်ယောက်ထဲစားရမှာမျိုကျမယ်မထင်ဘူး” ။
ကောင်လေးကကျွန်မပြောသောစကားကိုကြားသည်နှင့် ကျွန်မကိုကြည့်ပြီးပြုံးလေသည်။ အဘွားအဖိုးကိုကျွေး ချင်နေတယ်ထင်တယ်။ သားထည့်ပေးလိုက်မှာပေါ့။ အဘွားအဖိုးအတွက် ဘာယူသွားချင်လဲ” ။ ကောင်လေး စကားကိုကြားသည်နှင့် ကျွန်မရိုးသားစွာဝမ်းသာသွားသည်။
ကျွန်မကိုအကြိမ်ကြိမ် အဖိုးကြီးကိုသွားရေယိုအောင်ပြောဖူးသည့် ကြေးအိုးဆိုဒါကြီးကိုဝယ်ကျွေးနိုင်တော့မည်။
“ အင်းသား ဟိုလေ ကြေးအိုးဆိုတာ ၀ယ်သွားချင်တယ်။ အဆင်ပြေပါ့မလား။ ဈေးကနည်းနည်းများမယ်ထင် တယ်နော်” ။
ကျွန်မမ၀ံမရဲ ပြောတော့ “ကောင်လေးက မများပါဘူးအဖွားရဲ ထောင့်ငါးရာလောက်ဘဲရှိတာ။ ဒါဘဲလားတစ်ခြားဘာစားချင်လဲ” “ အင်း အစ်မကြေးအိုးတစ်ပွဲ အသားများများလေးလုပ်ပေး”
ကျွန်မကိုပြောနေလျှက်ဖြင့် ကောင်လေးက ကြေး အိုးတစ်ပွဲလမ်းမှာသည်။ ကျွန်မကောင်လေးခေါက်ဆွဲစားနေသည်ကိုသေချာထိုင်ကြည့်သည်။ တစ်ချက်တစ် ချက် ကျွန်မကိုစကာ့းပြောပြီးပြုံးလိုက်လျှင် ပိုချစ်ဖို့ကောင်းသည်ဟုထင်မိသည်။ ကောင်လေးကိုကြည့်နေသဖြင့် ကောင်လေးက “ အဖွားဘာကြည့်နေတာလဲ။ ကျွန်တော်ဆက်တောင်မစားတတ်တော့ဘူး” ဟုပြောပြီးရှက်ပြုံး ပြုံးပြန်သည်။
နောက်ကောင်လေးက စားသောက်ခြင်းကိုလက်စသတ်လိုက်သည့်အချိန်တွင် မှာထားသော ကြေးအိုးထုတ်အကြီးကြီးက ကျွန်မရှေ့ရောက်လာသည်။
စာပွဲထိုးကလေးလှမ်းပေးသော ကြေးအိုးထုတ်နင့်နင့်ကြီးကိုကိုင်ပြီးကျွန်မပြုံးမိသွားသည်။ ကဲစားပေတော့ အဖိုးကြီးရေ။ ရှင်ခဏခဏ ကျွန်မပြောသမျှ သွားရေကျနေတဲ့ ကြေးအိုးဆိုတာကြီးကျုပ်ဝယ်နိုင်ပြီ။ စိတ်မှာတွေး ပြီး အပျော်ဓါတ်တို့က မျက်နှာတွင်မဖုံးနိုင်မဖိနိုင်ပေါ်လာသည်။ကျွန်မကြေးအိုးထုတ်ကြီး တကိုင်ကိုင်ဖြင့် သွားကြီးဖြဲထားသည် ကျွန်မနှင့်အလှူခံဖော်ခံဖက်များက ရှုံ့မဲစွာကြည့်နေကြသည်။
လောကတွင် တစ်ခါတရံ လောက် ကျွန်မအသိုင်းဝိုင်းကြားတွင်ဝံ့ကြွားချင်သည်။ ကြေးအိုးထုတ်လေးကို ခပ်ရွရွလေးကိုင်ပြီး ခါးလေး ကိုမတ်လိုက်သည်။ တော်ယုံမစားနိုင်ကြသောကြေးအိုးကို ကျွန်မအကြောင်းတစ်ခုခုကြောင့်ပိုင်ဆိုင်ရပြီ။
နောက်ကောင်လေးက ကျွန်မပျော်နေသည်ကိုကြည့်ပြီ “ လိုက်တော့မပို့တော့ဘူးနော်အဖွား။ ဆက်လဲမတောင်း နဲ့တော့။ ဒီနေ့တော့ စောစေားပြန်နားတော့။ ဒီမှာငါးထောင်။ဒါကသားအဖွားကိုလှူတာ” ကောင်လေးက ကျွန်မကို ငွေငါးထောင်ပေး နုတ်ဆက်ပြီးပြန်သွားသည်။ မှန်ရာကိုသစ္စာစကားဖြင့် ပြောရမည်ဆိုလျှင် ကျွန်မကောင်လေး၏ နောက်ကျေားကိုကြည့်ပြီး ဆုတွေ တသီကြီးပေးမိသည်။
ဒီနေ့လောက်မြို့မဈေးကို ဖြတ်သွားရသော ဂုဏ်ယူခြင်းမျိုးတစ်ခါမှမဖြစ်မိ။ ဒီကြေးအိုးထုတ်မျက်နာဖြင့် ယခင်က ကျွန်မလိုအဖွားအိုကြီးကို အဖတ်မလုပ်သော အလှူခံများကလဲ မပြုံးချင်ပြုံးချင်ဖြင့် ပြုံးပြနေကြသည်။ အလှူရှင် ကောင်လေးစကားအတိုင်း ပြန်နားတော့မည်ဟုတွေးပြီး ကျွန်မသုံးနေကြ ဆိုက်ကားသမားထံသွားလိုက်သည်။
“ အယ် အဖွားစောလှချေလား။ လက်ထဲမှာလဲ ကြေးအိုးထုတ်ကြီးနဲ့။ အဆင်ပြေလာပုံထောက်တယ်”။
ကျွန်မ ကိုကြည့်ပြီး ဆိုက်ကားဆရာကနုတ်ဆက်သည်။ ဒီနေ့ အပြန်လမ်းသည်ကျွန်မဘ၀အတွက် အပျော်ရွင်ဆုံးဖြစ် သည်။ ကျွန်မတို့နေသည့် ကျူးကျော်တဲလေးထံဝင်သည့်လမ်းမှ ကိုရောက်လေလေ ကျွန်မကြေးအိုးထုတ်ကို ပိုဂရုစိုက်လေလေဖြစ်သည်။ လူကအိုကြီးအိုမ ကြေးအိုးထုတ်က အလေးကြီး၊ မတော်ပြုကြသွားမှ ကျွန်မရဲ ကြေးအိုးဋီကာကြီး အဖိုးကြီးကိုဆက်ပြောနေရအုံးမည်။
လမ်းမီးတွေကလဲ မရှိသဖြင့် ဆိုက်ကားက လူးနေသည်။
လက်တစ်ဖက်ကို ဆိုက်ကားဘောင်ကိုကိုင်ပြီး လက်တစ်ဘက်က ကြေးအိုးထုတ်အလေးချိန်ကြောင့် ညောင်းသလိုပင်ဖြစ်လာသည်။ ဒီလိုနဲ့ ကျွန်မ၏ အသိုက်မြုံလေးကိုရောက်လေပြီ။ အဖိုးကြီးက တဲအပြင်မှာ ထန်းလက်ဖြင့်လုပ်ထားသည့် ကုလားထိုင်အစုတ်လေး တွင်ဖယောင်းတိုင်ဖြင့်ကျွှန်မအလာကိုမျော်နေသည်။သေချာပြီ ကျွန်မတို့အလှူခံအသင်း မှကလေးတစ်ယောက်ယောက် ကျွန်မအဖိုးကြီးကို သတင်းပေးထားပြီ။အဖိုးကြီး တံတွေးတွေကိုများထပ်ပြီး မျိုချနေပြန်မည်လားဟုကျွန်မတွေးမိပြန်သည်။
ဆိုက်ကားသမားကို ခြံအပြင်တွင်ချခိုင်းပြီး သူအတွက်ငါးရာပေးလိုက်သည်။ သွားပြီးအဖွားရေဟုနုတ်ဆက်ပြီး ဆိုက်ကားဆရာကလဲပြန်သွားပြီ။ ကျွန်မခြံဝင်ထဲမှ စောင့်မျှော်နေသောအဖိုးကြီးထံသို စစ်ပွဲနိုင်စစ်သူကြီး တစ်ယောက်ကဲသို့ ရဲရင့်သောခြေလှမ်းများဖြင့် တစ်လှမ်းခြင်းဟန်ကျကျလှမ်းလာသည်။မျက်နာကို အဖိုးကြီး ထံသို့ကြည့်ပြီး “ ဒီမှာတော် တော်ဖို့ကျုပ်” ပြောနေသည့်စကားမဆုံးလိုက် တဲအ၀င်ဝမှ ကမူလေးတစ်ခုကိုတိုက် မိပြီးကျွန်မ ဟတ်ထိုးလဲသွားသည်။
ကျွန်မအဖိုးကြီးထံမှမပိကလာဖြင့်အော်လိုက်သည့်
“ ကြွေးအိုးကြွေးအိုး” စကားသံကို ခေါက်ဆွဲဖတ်များကပ် နေသည်မျက်နာဖြင့် ကျွန်မနောက်ဆုံးကြားလိုက်ရပါတော့သည်။
ဇော်ညီညီ(နေပြည်တော်)
No comments:
Post a Comment